ဘားအံ ဇူလိုင် ၁
ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲနှင့် ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကိုကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် တင်ပြသည့် ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ချက် ပါဝါပွိုင့်အားပြန်လည်တင်ပြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးက ၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းစဉ်နှင့် ကျေးလက်ဒေသအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများက စီမံချက်ကျေးရွာများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး စေတနာရှင်အလှူရှင်များက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သို့ အလှူငွေများထောက်ပံ့ပေးအပ်ရာ ပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောင်ရေးအသင်း(ဗဟို)၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို နံနက် ၁၀ နာရီခွဲက အဆိုပါရွှေရတုခန်းမ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အမှာစကားပြောကြားပြီး ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြကာ အတွင်းရေးမှူးက (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင်တင်ပြသည့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်ပါဝါပွိုင့်အား ပြန်လည်တင်ပြသည်။
ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများက ခရိုင်/မြို့နယ်အသင်းများသို့ လက်ကမ်းစာစောင်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပေးအပ်ပြီး တက်ရောက်လာသူများက ရှေ့လုပ်ငန်းစဉ်များအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)