ငဖဲမြို့နယ်၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ငဖဲ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်သန်းသန်းနှင်းနှင့် ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးငယ်များကို ပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ငဖဲမြို့နယ်အတွင်းရှိ မွေးစမှ အသက်နှစ်နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ဘီစီဂျီ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းအရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)များကို ထိုးနှံပေးခဲ့သည်။

ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား လစဉ်ပုံမှန် လဆန်း ၁ ရက်နေ့တိုင်း ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)