ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံများ စိုက်ပျိုးနိုင်ရေး မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး

ပွင့်ဖြူ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူများ စပါးနှင့် အခြားမိုးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေများကို ဇွန်(၂၀)ရက်နေ့ကစပြီး ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း သိရပြီး ယခုနှစ် မိုးသီးနှံအတွက် စိုက်ပျိုးရေဖြန့်ဝေပေးမှုအနေဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ကစပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးထားရာ ဒေသခံတောင်သူများ စိုက်ပျိုးရေ ရရှိသည့်အချိန်မှစပြီး မိမိတို့၏ လယ်ယာမြေများကို လယ်ယာသုံးစက်ကိရိယာများ၊ တောင်သူလုပ်ငန်းခွင်အတွက် မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များဖြင့် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း သိရသည်။

"ဒီနှစ်မိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံစိုက်ဧကပေါင်း တစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြီးခဲ့တဲ့ ဇွန်လ(၂၀)ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးလယ်မြေများကို စနစ်တကျဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးမည့် မိုးသီးနှံအနေနဲ့ စပါးသီးနှံ ၆၉၉၄၄ ဧက၊ နှမ်းသီးနှံ ၁၃၃၉၅ ဧက၊ မြေပဲသီးနှံ ၁၆၆၁ ဧက၊ နေကြာသီးနှံ ၉၃၀ ဧက၊ ဖူးစားပြောင်းသီးနှံ ၁၃၁၉ ဧက၊ ပဲတီစိမ်းသီးနှံ ၆၂၈၃ ဧက ၊ ပဲစင်းငုံသီးနှံ ၈၃၅ ဧက ၊ ပဲကြီးသီးနှံ ၃၄ ဧက၊ အခြားပဲသီးနှံ ၁၉၅ ဧက၊ မိုးချည်မျှင်ဝါ ၅၈၀၀ ဧက၊ ကြံသီးနှံ ၈ ဧက၊ စားဖိုဆောင်သီးနှံ ၁၄၇၂ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၂၄၃၄ ဧက ပိုက်ဆံလျှော် ၂၀ ဧက၊ ကွမ်း ၅၂ ဧက၊ ထန်း ၂၂၂ ဧက ၊ အထွေထွေစားသုံးသီးနှံ ၁၄၃ ဧက ၊ အခြားသီးနှံ ၃၆၅၇ ဧက၊ စုစုပေါင်း မိုးသီးနှံစုံဧက ၁၀၈၄၀၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလည်း မိုးသီးနှံများစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲတတ်စေရေး စတဲ့စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲစင်းငုံ ၊ ဖူးစားပြောင်း၊ နှံစားပြောင်း စသည့်သီးနှံများကို စီးပွားဖြစ်အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ထိုသို့စိုက်ပျိုးရာ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေလုံလောက်စွာ ရယူသုံးစွဲနိုင်အောင် သီးနှံစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဖြူးပေးဝေသည့်အတွက် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး