ပြည် ဇူလိုင် ၁
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိခဲ့ရပါသည်။
ဒေါ်ခင်ရွှေဝါဖူး (လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန)
ယနေ့ ကျွန်မတို့ ပြည်မြို့မှာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်မြို့နယ်အတွင်းမှာရှိတဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံပြီး ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ကို ကျွန်မတို့ (၂) ရက်ခွဲပြီး ကျင်းပခဲ့ပါတယ်။ ဇွန်လ ၂၃ ရက်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုအဖြစ် ပြည်မြို့၊ အမှတ်(၁) အ.ထ.က ကျောင်းမှာဘဲ အထက်တန်းအဆင့်အတွက် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်အတွက် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်အတွက် ပုံပြင်ပြောပြိုင်ပွဲများကို တစ်ပြိုင်နက် ကျင်းပခဲ့ရာမှာ ပြည်မြို့အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား/သူ စုစုပေါင်း ဦးရေ (၁၁၀) ဦးက တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတစ်မျိုးစီအတွက် ပထမ၊ ဒုတိယ၊ တတိယနဲ့ အထူးဆု (၅) ဆု ရွေးချယ်နိုင်ခဲ့ပါတယ်။
ယနေ့ပွဲတော်မှာတော့ ပြိုင်ပွဲမှဆုရရှိတဲ့ ကျောင်းသား/သူလေးများရဲ့ ပြိုင်ပွဲယှဉ်ပြိုင်မှုများကို သရုပ်ပြတင်ဆက်ပေးခြင်း၊ ဆုချီးမြှင့်ပေးခြင်းအပြင် ပြည်ခရိုင်အတွင်းရှိ စာရေးဆရာကြီးများရဲ့ စာပေဟောပြောအသိပညာပေးခြင်း၊ ကျောင်းသား/သူများအတွက် ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားခြင်း၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ အာလူးကောက်၊ ဂုံနီအိတ်စွပ်၊ ခြေခွက်နင်း၊ ခါးလှည့်၊ သုံးယောက်တွဲ ခုံဖိနပ်စီး၊ ပူဖောင်းညှပ် အစရှိသည့် ကစားနည်းများကို စည်စည်ကားကားဖြစ်အောင် ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ကျောင်းသား/သူများ လေ့လာနိုင်စေရန် စာကြည့်တိုက်ဖောင်ဒေးရှင်းပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ ရောင်စုံဓာတ်ပုံပြခန်း၊ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ၊ ရွေ့လျားယာဉ်ဖြင့် အသိပညာပေးစာအုပ်စာစောင်ငှားရမ်းပေးခြင်းလုပ်ငန်း၊ ကလေးစာဖတ်ခန်း၊ ပြည်တက္ကသိုလ်ပြခန်း၊ ရှေးဟောင်းသုတေသနပြခန်း၊ ကွန်ပျူတာတက္ကသိုလ်ပြခန်းနှင့် ကျောင်းစာကြည့်တိုက်ပြခန်းတို့ကိုလည်း ကဏ္ဍအလိုက် ဝေဝေဆာဆာ ထည့်သွင်းပြသထားတဲ့အတွက် ကလေးငယ်များဟာ တစ်နေရာတည်းမှာ ဗဟုသုတအမျိုးအစားစုံလင်စွာ ကြည့်ရှုရပြီး ကျောင်းသား၊ ကျောင်းသူများ အတော်လေးကျေနပ်အားရမှုရှိတာကို တွေ့မြင်ရပါတယ်။ တစ်ဖက်မှာလည်း စာအုပ်ဈေးရောင်းပွဲတော်ကို ရောင်းချပေးတဲ့အတွက် အလွယ်တကူ စာအုပ်များ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးလိုက်တဲ့အတွက် ကျောင်းသား/သူများဟာ ကျောင်းစာအပြင် ဗဟုသုတဖြစ်ဖွယ် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာရမယ်ဆိုတဲ့ အသိအမြင်တိုးပွားလာပြီး စာပေရဲ့တန်ဖိုး၊ စာအုပ်စာစောင်ရဲ့တန်ဖိုးကိုလည်း သိရှိနားလည်လာမယ်။ စာပေမှာမွေ့လျော်လာပြီး စာဖတ်တဲ့ အလေ့အထတွေ ရှိလာမယ်။ စာပေကရတဲ့ အသိဉာဏ်ပညာတွေနဲ့ ဆင်ခြင်တွေးတောလာနိုင်မယ်။ လူတော်လူကောင်းတွေ ဖြစ်လာနိုင်မယ်။ ဒီလိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါတယ်။
ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ၊ စာရေးကိရိယာများ၊ သုတ/ရသ စာအုပ်စာစောင်များ လှူဒါန်းပေးကြပါသော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ဒေါ်နော်အေးမေ(မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးဦးစီးဌာန)
ဒီနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့မှာကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျွန်မတို့ရဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အများကြီး ဗဟုသုတတွေရရှိခဲ့ပါတယ်၊ ပွဲတော်မှာကလေးတွေလည်း အများကြီးပျော်ရွင်ပါတယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ပြည်တက္ကသိုလ်ပြခန်း၊ ရှေးဟောင်းသုတေသနပြခန်း၊ ကွန်ပျူတာတက္ကသိုလ်ပြခန်းတို့မှာလည်း အဆင့်မြင့်ပညာရပ်တွေကို ကလေးများလေ့လာခွင့်ရခဲ့ပါတယ်၊ ကလေးစာဖတ်ခန်းမှာလည်း စာဖတ်ခွင့်ရခဲ့ပါတယ်၊ စာအုပ်အရောင်းဆိုင်တွေဖွင့်လှစ်ရောင်းချပေးတဲ့အတွက် ကျွန်မတို့ပညာရေးဌာနအတွက် လိုအပ်တဲ့စာအုပ်တွေကို ဝယ်ယူရရှိတဲ့အတွက် ဝမ်းသာမိပါတယ်၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများကိုကျင်းပပေးပြီး ဆုတွေပေးတယ်၊ ရေသန့်နှင့် မုန့်များလည်း ကျွေးပါတယ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကိုလည်း ဆုလက်ဆောင်ပေးပါတယ်။ ပြိုင်ပွဲတွေမှာ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။ အခုလိုပွဲတော်မျိုးကို အခြားမြို့နယ်တွေမှာလည်း ကျင်းပပေးနိုင်မယ်ဆိုရင် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။
စာရေးဆရာ စိုးဇော်လှိုင်(ဆင်မြီးဆွဲ)
ဒီကနေ့စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျွန်တော်တို့ ပြည်မြို့နယ်စာရေးဆရာများအသင်းနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်ခရိုင်အတွင်းမှာရှိတဲ့ စာရေးဆရာ/စာရေးဆရာမများ ပူပေါင်းပြီးရေးသားထားသည့် ဆောင်းပါး၊ ကဗျာ၊ ဝတ္တု၊ ရသစာပေများနဲ့ ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များကို ပြခန်းလေးတစ်ခု ဖွင့်လှစ်ပြီးတော့ ပြသခဲ့ပါတယ်၊ ကျွန်တော်တို့ ပြည်မြို့မှာရှိတဲ့ စာရေးဆရာများမှ အမျိုးသားစာပေဆုရရှိခဲ့တဲ့ ဆရာများ၏ ဆုရတဲ့စာအုပ်တွေ၊ စာမူတွေ၊ စာပေဗိမ္မာန်ဆုရရှိတဲ့ ဆရာ၊ ဆရာမများ၏ စာအုပ်၊ စာမူတွေ၊ ဆုတံဆိပ်တွေကိုလည်းခင်း ကျင်းပြသထားပါတယ်၊ ယခုလိုခင်းကျင်းပြသရခြင်းဟာ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ လေ့လာပြီးရင် ဝတ္တုတွေ ကဗျာတွေကို ဘယ်လိုရေးရတယ်ဆိုတာသိရှိရပြီး ကလေးတွေဟာ စာပေကိုစိတ်ဝင်စားလာမယ်၊ ရသစာပေတွေကို ဖတ်ရှုရတဲ့အတွက် နှလုံးသားတွေနူးညံ့လာမယ်၊ သုတစာပေကို ဖတ်တဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးတိုးတတ်မှုတွေ ဖြစ်ပေါ်လာမယ်၊ အဲဒီဟာတွေကို ရည်ရွယ်ပြီးတော့ စာပေပွဲတော်တွေကို ကျင်းပလာတာဟာ ကလေးတွေကို စာဖတ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ရည်ရွယ်ချက်နဲ့ ပြသပေးထားတာဖြစ်ပါတယ်၊ ကလေးတွေဟာ လာရောက် ကြည့်ရှုပြီးမေးမြန်းတာကို ပျော်ပျော်ရွင်ရွင်ပြောပြရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်၊ ဒီအခမ်းအနားကို ဖြစ်မြောက်အောင် ကျင်းပပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်။
မမေနန်းထိုက်သူ(G-5) အ.ထ.က(၅)
သမီးကဒီပွဲတော်မှာ ပုံပြင်ပြောပြိုင်ခဲ့တာဖြစ်ပါတယ်၊ သမီးက ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တာ ဖြစ်ပါတယ်၊ မျှော်လင့်မထားပဲ ပထမဆုရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်၊ စာတွေဖတ်ရပြီး ပုံပြင်တွေကို ပြောပြရတဲ့အတွက် ကလေးတိုင်းအသိဉာဏ်ဗဟုသုတတွေ ပိုမိုကြွယ်ဝလာစေမှာဖြစ်ပါတယ်။ စာတွေလည်းပိုရလာတယ်၊ စာတွေလည်း ပိုတတ်လာပါတယ်။ ပွဲတော်ကို ဦးဆောင်ကျင်းပပေးတဲ့ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ တာဝန်ရှိ လူကြီးမင်းများကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။
တွေ့ဆုံမေးမြန်း၊ ဓာတ်ပုံ (ကိုစိုး-ပြည်)