အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန်များနှင့် ထောက်ပံ့ငွေများ လှူဒါန်း၊ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇူလိုင် ၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့်ဆန်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများ၊ နေရပ်ပြန် ပြည်သူများအား ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ထောက်ပံ့ငွေများ လှူဒါန်း၊ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ နေရပ်ပြန်ပြည်သူများ ကြိုဆိုလက်ခံရေးဌာန၊ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအသီးသီးမှ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယာပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအနေဖြင့် ပြည်သူများအတွက် လုံခြုံရေး၊ ရေ / မီးရရှိရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူးက နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက စီးပွားရေးနှင့် လျှပ်စစ်၊စွမ်းအင်ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးကပညာရေး၊ ကျန်းမာရေး၊ သာသနာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့်ဆန်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများ၊ နေရပ်ပြန်ပြည်သူများအား ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ထောက်ပံ့ငွေများကို လှူဒါန်း၊ ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်သူများက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် နေရပ်ပြန်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြသည်။

အဆိုပါ လှူဒါန်းထောက်ပံ့ပေးအပ်ပွဲတွင် လွိုင်ကော်မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်း၊ နေရပ်ပြန်ပြည်သူအိမ်ထောင်စု (၁၀၄၅)စု၊ပြည်သူ(၅၅၅၇)ဦးနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ယာယီတိုက်ပွဲရှောင်နေသည့် ပြည်သူ(၁၀၈)ဦးတို့အတွက် ဆန်(၃၆၉)အိတ်၊ ဆီ(၅၂၂.၂)ပိဿာ၊ ထောက်ပံ့ငွေကျပ်(၃၁,၈၀၀,၀၀၀)တို့အား လှူဒါန်းထောက်ပံ့ခဲ့ကြောင်းနှင့် စုစုပေါင်း လှူဒါန်းထောက်ပံ့မှုတန်ဖိုးငွေကျပ် (၉၃,၈၆၇,၅၀၀) ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)