ဘားအံ ဇွန် ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့်အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှုမောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင် ဒေါ်နန်းမြသူဇာကျော်က "အင်အားသစ်များနှင့်အတူ"တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ တေးသံရှင်ဇင်ကြီး(Myanmar Idol) က "ချစ်ခြင်းတရားနဲ့ပြည်ထောင်စု" တေးသီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ကာယကြံ့ခိုင်မှုမောင်(Men Physiques)ပြိုင်ပွဲ၊ ကာယဗလမောင်(Body Building)ပြိုင်ပွဲ၊ ကာယအလှမယ်များ ပထမ Round ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုသရုပ်ပြခြင်း၊ တေးသံရှင်များကတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြ၍ ကာယအလှမယ်များက နောက်ဆုံး Round ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်အမျိုးသမီးရေးရာကော်မတီနာယကဒေါ်နန်းဘေဘီမြင့်၊ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့သော တေးသံရှင်များ၊ သရုပ်ပြအဖွဲ့များ၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေချီးမြှင့်ခဲ့ပြီး ကာယကြံ့ခိုင်မှုမောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်