မြန်အောင်၌ အခြေခံစားသောက်ကုန်ဆန်နှင့် ဆီစျေးနှုန်း သက်သာစွာဖြင့် အခြေခံအိမ်ထောင်စုများအား ရောင်းချပေး

မြန်အောင် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် "မြတ်ဘုန်းသူ" ဆန်စက်တို့မှ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် မြို့မတဲကြီးကုန်းကျေးရွာတို့မှ အခြေခံအိမ်ထောင်စု (၃၀၀) စုတို့အား ယနေ့နံနက်က အခြေခံစားသောက်ကုန် ဆန်နှင့် ဆီကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

မြန်အောင်မြို့ "မြတ်ဘုန်းသူ" ဆန်စက်မှ ပခန်းဆန် တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျင် ဆန် ၁ ပြည်နှုန်း၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အိမ်ထောင်စုတစ်စုလျှင် ဆီ ၂၅ ကျပ်သား ၁၅၀၀ ကျပ်နှုန်းဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။    

အဆိုပါ ဆန်နှင့်ဆီ စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြန်အောင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြသိန်း၊ "မြတ်ဘုန်းသူ" ဆန်စက်မှ ဦးနေဝင်းဇော် + ဒေါ်ခင်မာချိုနှင့် ရပ်မိရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် ဆန်နှင့်ဆီကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန်  မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များ၊ ဆန်စက်များတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)