မင်းဘူး ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးရန် ဧကပေါင်း ၈၀၀၀၀ ကျော်အား စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ယခုအခါ ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မဲဇလီရေလွှဲဆည်သည် မကွေးတိုင်းဒေသကြီး၏ ဆန်အိုးကြီးသဖွယ်ဟု တင်စားခေါ်ဝေါ်သော မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ တည်ရှိပြီး နှစ်ပေါင်း ၁၁၀ ကျော် သက်တမ်းရှိကာ ရှေးယခင်တည်းက တောင်သူအကျိုးပြု အားကိုးအားထားရသော အဓိက ဆည်ကြီးတစ်ခုဖြစ်ကြောင်း၊ မဲဇလီရေလွှဲ ဆည်မှ ဆည်ရေဖြင့် စိုက်ပျိုးရေးများကို မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူ မြို့နယ်နှင့် စလင်းမြို့နယ်တို့မှ ဒေသခံတောင်သူများအတွက် နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီအတွက် စိုက်ပျိုးရေများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မဲဇလီဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ဆည်ရေ အလေလွင့် ဆုံးရှုံးမှုများပြားသည့် မိရိုးဖလာ (ကွက်ဆင့်သောက်) ရေသွင်းစနစ်ကို မကျင့်သုံးဘဲ လယ်ကြား မြောင်းများ တူးဖော်၍ ဆည်ရေကို လိုအပ်အချိန်၊ လိုအပ်သောနေရာ၌ စနစ်တကျ ရယူသုံးစွဲ တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လက်တံမြောင်း၊ လယ်ကြားမြောင်းများ တူးဖော်ရေးနှင့်ရေစီးရေလာ ကောင်းမွန်စေရန် ပေါင်းမျက်ရှင်လင်းရေး၊ ရေမြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို လယ်လုပ် ငန်းခွင်မစတင်မီ ကြိုတင်ဆောင်ရွက်နိုင်စေရန်အတွက် တောင်သူအသိပညာပေးခြင်း အစီအစဉ်များကို သီးနှံစိုက်ပျိုးမှု ရာသီအချိန်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းအားဖြင့် ဆည်ရေရယူသည့် ဒေသခံတောင်သူအချင်းချင်း အငြင်းပွားမှုများ လျော့နည်းကာ ဆည်ရေပေးဝေမှုအား အလှည့်ကျစနစ်ဖြင့် စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပြီး ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာဌာန၊ တောင်သူ အကျိုးဆောင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စိုက်ပျိုးရေကို အကျိုးရှိရှိ ထိရောက်စွာ ရယူသုံးစွဲ နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။
မဲဇလီဆည်ရေသောက် ဧရိယာအတွင်း၌ နွေစပါးနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေးများကို အောင်မြင်စွာ ပေးဝေနိုင်ခဲ့ပြီး ယခုအခါ မိုးစပါးများစိုက်ပျိုးရန် ပျိုးထောင်ရေများ စတင်ပေးဝေနေပြီ ဖြစ်ကာ မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်မှ ဆည်ရေများဖြင့် မိုးစပါး ဧကပေါင်း ၈၀၀၀၀ ကျော်အတွက် စိုက်ပျိုးရေးများ လုံလောက်စွာ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)