တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းတို့၏ လေ့ကျင့်ရေးခြေစမ်းပွဲအား ကြည့်ရှုအားပေး

ပုသိမ် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ စက်တော်ရာဘုရားနှင့် ဘိုးဘွားရိပ်သာအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငဝန်ကျွန်းသာရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ (၄၅.၇၆) ကျပ်သန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် နိဂြောဓါလမ်းအုတ်ရေမြောင်း ၅၂၀´×´×´ တည်ဆောက်ခြင်းနှင့် ခွင့်ပြုရန်ပုံငွေ (၁၃.၀၀)ကျပ်သန်းဖြင့် ကမ်းနားလမ်းဖြတ် Box Culvert ၃၅´×´×´(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက် ရွှေဝါထွန်းလမ်းတွင် မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေ(၆၇.၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မရှိ ရပ်ကွက်တွင်း ဖွံ့ဖြိုးရေးလမ်း ဆောင်ရွက်နေမှုအခြေအနေ များကိုလည်းကောင်း၊ ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက် ကင်မလင်းကျွန်းစက်မှုဇုံ ငကျီးထူဖောက်ချောင်း ရေစီးရေလာကောင်းမွန်ရေး Amphibious ဖြင့် တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာ၊ တောင်သူ ဦးနိုင်ဝင်း၏ စိုက်ဧက(၃)ဧကတွင် ဗျော့ထွန်းစပါးမျိုးအား စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအားလည်းကောင်း၊ အိမ်မဲမြို့နယ် ကျားနဖူးကျေးရွာ၊ တောင်သူ ဦးထွန်းအေး၏စိုက်ဧက(၃)ဧကတွင် ပဲခူးစိန်စပါးမျိုး မိုးစပါး အတန်းလိုက် စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေး ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ ဝေဇယန္တာဘုန်းတော်ကြီးကျောင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့်  မိုးစပါးစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေးအတွက် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က "တိုင်းဒေသကြီးအတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် ကြဲခင်း စနစ်များ လျော့နည်းပပျောက်အောင် စပါးမျိုးစေ့ချ ကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွက်နှုန်းများ ပိုမိုတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် တောင်သူများလက်ဝယ်အရောက် သွင်းအားစုများ ထောက်ပံ့ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တောင်သူများကလည်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို အချိန်ကိုက်၊ အချိုးကျ အပြည့်အဝ ထည့်သွင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း" မှာကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ပုသိမ်မြို့၊ ကျောက်တိုင်ဘောလုံးကွင်းတွင် မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၀၂၅ အမှတ်ပေးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည့် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းတို့၏ လေ့ကျင့်ရေးခြေစမ်းပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

ကျော်ဟိန်း(ပြန်/ဆက်)