ပန်းတောင်း ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများ လိုက်ပါ၍ ယမန်နေ့မွန်းလွဲ (၂)နာရီ(၁၅)မိနစ်အချိန်က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာလမ်းထိပ်၊ပြည်-တောင်ကုတ်ကားလမ်းဘေးရှိ တောင်သူ ဦးခင်ဦး၏ ပဲစင်းငုံစိုက်ပျိုးမည့်နေရာအားလည်းကောင်း၊ ငါးဆယ်ပေးအုပ်စု၊ အုတ်ဖိုကျေးရွာရှိ စပါးစိုက်ပျိုးခင်းအားလည်းကောင်း၊ မကြီးထုံးကျေးရွာရှိ စပါးစိုက်ပျိုးခင်းအားလည်းကောင်း၊ ဖောင်းကန်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရေကာတာ ဆောက်လုပ်မည့်နေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်လိုရပ်ကွက်ရှိ သမိုင်းဝင်ပေါ်တော်မူ ရှင်ဖြူမြတ်စွာ ဘုရားကြီးအားလှည့်လည်ကြည်ညိုဖူးမြှော်ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)