စလင်း ဇွန် ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ဆန်များ ရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ ဆန်စက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စျေးမရပ်ကွက် စည်ပင်သာယာပန်းခြံအတွင်းရှိ ဗိုလ် ချုပ်ကြေးရုပ်ရှေ့တွင် ယနေ့ နံနက်(၈)နာရီအချိန်က စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချမှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆန်စက်လုပ်ငန်းရှင် ဦးရဲဝင်း အောင်စေတနာဆန်စက်၊ ဦးစိန်ဝင်း စိန်နန်းထိုက်ဆန်စက်၊ ဦးသာချို ကောင်းသန့် ဆန်စက်၊ ဦးမျိုးညွှန့် ရွှေပြည်ညွှန့်ဆန်စက်၊ ဦးမြင့်စိန် ပြည်အောင်ဝိန်းဆန်စက် ဦးဆောင်ကြီးကြပ်၍ စားသုံးသူ ပြည်သူများအား တစ်ဦးလျှင် ဧရာပဒေသာဆန် (၁) ပြည်နှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
စလင်းမြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖြစ်သည့် ဧရာပဒေသာဆန်များကို မည်သူမဆို လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ (၁)ပြည်လျှင် ကာလပေါက်စျေးထက် လျှော့ချ၍ (၄၇၅၀) ကျပ်နှုန်းဖြင့် (၂၄) ပြည်ပါ ဆန်အိတ်(၁၂)အိတ်၊ အိမ်ထောင်စု (၂၈၈) အိမ်ထောင်စုတို့အား ရောင်းချပေးနိုင်ခဲ့ပြီး စလင်းမြို့ပေါ် (၈)ရပ်ကွက်အား အလှည့်ကျ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မောင်မောင်လွင်