ပခုက္ကူတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲကျင်းပ

ပခုက္ကူ ဇွန် ၃၀

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဇွန်လ ၂၈ ရက်နေ့မွန်းလွဲ ၃ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဆင့်မြင့်တက္ကသိုလ် ပညာရပ်များအပြင် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့် ကျောင်းသား၊ ကျောင်သူ(လူငယ်)များ ဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများအကြား ချစ်ခင်စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဖူဆယ်အားကစားပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဓာတုဗေဒဌာနအသင်းနှင့်ညွန့်ပေါင်း(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွန့်ပေါင်း(ခ)အသင်းက လေးဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ  ဖူဆယ်အသင်း‌ ၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)