ဒေးဒရဲ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများက (Grade-12) ဘာသာရပ်သင်ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှစိုးက အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ကြားမှု နည်းစနစ်များ ပိုမိုတိုးတက်လာစေရေး လုပ်ငန်းများ၊ ကျောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို ရှင်းလင်းဟောပြောခြင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က သင်တန်းစည်းကမ်းချက်များနှင့် သင်ကြားဆွေးနွေးပို့ချမည့် ဘာသာရပ်ဆိုင်ရာများ ပတ်သက်သည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဆရာ၊ ဆရာမများ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက် ဆွေနွေးပို့ချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းက (Grade-12) တွင် ဆရာ၊ ဆရာမ (၂၇၀) ဦး တက်ရောက်လေ့လာလျက်ရှိပြီး သင်တန်းကာလ (၂) ရက်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း