ကန့်ဘလူ ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှုအပေါ် စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် လက်ရှိစိုက်ပျိုးဖြစ်ထွန်းနေသောသီးနှံများ၏ အရည်အသွေးမြင့်မားရေးနှင့် အထွက်နှုန်းတိုးတက်ရေး၊ ပြည်ပဝယ်လိုအားကောင်းသောသီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်( Production Cost) ကို တတ်နိုင်သမျှလျော့ချရေး၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် သီးနှံပြောင်းလဲစိုက်ပျိုးသင့်ကြောင်း တောင်သူလယ်သမားများ သိရှိနားလည်နိုင်ရန် ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြောင်းလဲလာသောရာသီဥတုအပေါ် စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် သီးနှံစိုက်စွမ်းအား(CI Ration) မြင့်မားရေးအတွက် သီးထပ်၊ သီးညှပ်၊ သီးကြိုများ စိုက်ပျိုးရေး၊ မြေဆီလွှာတိုးတက်ကောင်းမွန်ရေးအတွက် Soil Cover Crop စိုက်ပျိုးရေး၊ သစ်ရွက်စိမ်း မြေဩဇာ (Green manure) ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရေးနှင့် စံပြကွက်/ စမ်းသပ်ကွက်များ သရုပ်ပြသရာတွင် တောင်သူလယ်သမားများ စိတ်ပါဝင်စား၍ လုပ်ချင်ကိုင်ချင်စိတ် အားကျသည့်စိတ်ရှိလာအောင် ပြသသွားရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှုတိုးတက်းရေးအတွက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင်ပညာပေးရေးနှင့်သုတေသနဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အထိကထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် မြို့နယ်အတွင်း စပါးစိုက်ဧကတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဆည်ရေကို အကျိုးရှိစွာအသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် မိတ်ဖက်ဌာနများနှင့်ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တောင်သူများအား စိုက်ပျိုးနည်းစနစ်များ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါကျရောက်ပျက်စီးမှုမရှိစေရန် အပင်ဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာနည်းပညာများဟောပြောခြင်းစသည့် စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကာ သီးနှံမျိုးထုတ်ကွက်များကို တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်ပုံစံမှ အစုအဖွဲ့ပုံစံဖွဲ့စည်းပေးနိုင်ရေး၊ သမအသင်းစုအဖွဲ့ပုံစံဖြင့်ဖွဲ့စည်းပေးပြီး လိုအပ်သည့်နည်းပညာများ ပံ့ပိုးပေးခြင်းတို့ဖြင့်လည်း တောင်သူများဝင်ငွေတိုးတက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကန့်ဘလူမြို့နယ်တွင် တိုက်နယ်အလိုက် နည်းပညာပြန့်ပွားရေးစင်တာများတွင် ကွင်းပညာရှင်များက ဝန်ဆောင်မှုပေးလျက်ရှိပြီး နည်းပညာများ ရယူဆောင်ရွက်နိုင်ကြောင်း မြို့နယ်စိုက်ပျိုး ဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)