ဘားအံ ဇွန် ၂၉
နေပြည်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဋ္ဌိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုး ပိဋကတ်ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၌ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒါယိကာ၊ ဒါယိကာမများက နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်ကြီးများ ရွတ်ပွားသရဇ္ဈယ်တော်မူသော မေတ္တာသုတ်အစရှိသောပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်ကြီးများအား ပိဋကတ်ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ယနေ့ဆက်ကပ်လှူဒါန်းပွဲတွင် ပိဋကတ်သုံးပုံ (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ကျမ်းစာအုပ် အုပ်ရေ (၄၀) ပါတစ်စုံလျှင် ငွေကျပ် (၁၂) သိန်းခန့်တန်ဖိုးရှိ ပိဋကတ်သုံးပုံကျမ်းစာအုပ်(၁၀၈)စုံကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိ ကျောင်းတိုက်များသို့ ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ခရိုင်ပြန်/ဆက်)