စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စားသုံးဆီနှင့် ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ် စွာရောင်းချရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်ဆန်ဈေးနှုန်း မှန်ကန်တည်ငြိမ်စွာ ရောင်းချရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆန်ကုန်သည်၊ ဆီကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် မှန်ကန်တည်ငြိမ်စေရေးနှင့် စားသုံးဆီဖြန့်ဖြူးရောင်းချမှုစနစ်တကျရှိစေရေးအား အလေးထားဆောင်ရွက်နေသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်ဈေးကွက်အတွင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းခြင်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးစောင့်ကြည့်၍ လိုအပ်သည်များအား အရေးယူဆောင်ရွက် နိုင်ရေးနှင့် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုများအတွက် စိစစ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊  စားသုံးဆီများဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျရှိစေရေးနှင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များ၊ လက်လီ/လက်ကားရောင်းချသူများအား အဆင့်ဆင့်ထိန်းကျောင်းခြင်းစသည်ဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ အခြေခံစားကုန် ဆန်နှင့်စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဆန်ကုန်သည်၊ စားသုံးဆီကုန်သည်များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွက် မိမိအကျိုး အများအကျိုး ညီညွတ်မျှတစွာဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကိုလည်း လေးစားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စားသုံးဆီနှင့်ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာ ရောင်းချရေးနိုင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးဆီဖြန့် ဖြူးရောင်းချမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆန်ကုန်သည်၊ ဆီကုန်သည် လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပြည်သူများထံသို့ ဆန်၊ စားသုံးဆီများ ဈေးနှုန်းမှန်ကန်စွာရောင်းချပေးနေမှု၊ လက်လီ/လက်ကားရောင်းချ ပေးနေမှု၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စားသုံးဆီများခွဲဝေရရှိမှု ဖြန့်ဖြူးရောင်းချပေးနေမှု၊ အပတ်စဉ်ဈေးကားများဖြင့် စားသုံးဆီများရောင်းချပေးနေမှုအခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းပေါင်းစပ်ပေးရမည့် လုပ်ငန်းအခြေအနေများအား အသီးသီးဆွေးနွေး တင်ပြကြသည်။     

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့် ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာ ရောင်းချရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)