ဘားအံ ဇွန် ၂၉
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဇွန်လ ၂၇ ရက်နေ့က ဘားအံမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြသည်။
ဘားအံမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်အား ရှောင်တခင်စစ်ဆေးရာတွင် စက်သုံးဆီများအား အများပြည်သူဝယ်ယူဖြည့်တင်းရာ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ အခြင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ စနစ်တကျဆောင်ရွက်ထားမှုရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေကြောင်း၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရကာ ရှောင်တခင်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် အရောင်းဆိုင်(၅)ဆိုင်၊ ၂၀၂၃ ခုနှစ်တွင် အရောင်းဆိုင်(၁)ဆိုင်တို့အား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချနေကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲရေးနည်းလမ်းအရ ဒဏ်ကြေးသတ်မှတ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)