ရေနံချောင်း ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့် မာန်မြေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ ကြိုတင်ပြောင်းရွေ့ခဲ့သည့် အိမ်ခြေ (၆၃)လုံးနှင့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးတို့က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့သည့် မိန်းမလှကျွန်း၊ မာန်မြေရွာသစ်၊ မာန်မြေမြောက်စု၊ မာန်မြေအနောက်စုကျေးရွာများမှ အိမ်ခြေ(၆၃) လုံးနှင့် အိမ်ထောင်စုဝင်(၂၅၅)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆,၈၃၅,၅၀၀ ကို မာန်မြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ကျေးရွာများတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နိုင်သည့် အိမ်များအားယခုလ ၇ ရက်နေ့ကစတင်၍ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ခဲ့ပြီးတစ်အိမ်လျှင် ကြိုတင်ပြောင်းရွေ့စရိတ် ၁၀၀,၀၀၀ ကျပ်နှင့် အိမ်ထောင်စုဝင်တစ်ဦးလျှင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ ၂,၁၀၀ ကျပ်နှုန်းဖြင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်