ပွင့်ဖြူ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု၌ နွေစပါးဆာဖိုးသာစပါးမျိုး အကွက်ကျယ် စံပြကွက် ဧက ၅၀ စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို တင်း ၁၆၀ ကျော် ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်းပြီး ဇီးတောကျေးရွာအုပ်စု ကွင်းအမှတ် ၇၈၄ ရှိ တောင်သူ ဒေါ်ငယ် အပါအဝင် ဒေသခံတောင်သူပေါင်း ၁၈ ဦး၏ လယ်မြေများ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးငွေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီပြီး နွေစပါးဆာဖိုးသာစပါးမျိုး အကွက်ကျယ်စံပြကွက် စိုက်ဧရိယာ ဧက ၅၀ ကို စိုက်ပျိုးဆောင်ရွက်ခဲ့ပြီးနောက်၊ အဆိုပါစံပြကွက် စိုက်ကွင်းအတွင်း၌ ၆ ဒသမ ၆ ပေ ပတ်လည်ကို လက်ဖြင့်ရိတ်သိမ်းခြင်း၊ ၀ ဒသမ ၁၀ ဧက ကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းအားဖြင့် စပါးအစို ၁၆၀ ဒသမ ၁၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းနေမှုအား မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး ဒေသခံများ၏ စိုက်ပျိုးရေးကဏ္ဍလိုအပ်ချက် တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်စပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ဧကပေါင်း ၂၃၆၆၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများက နွေစပါးသီးနှံများကို စတင်ရိတ်သိမ်းဆောင်ရွက်နေပြီး နွေစပါးပေါ်ချိန် စပါးအထွက်နှုန်းများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)