ကျိုက်လတ် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကြဲခင်းစနစ်လျော့နည်းပပျောက်ရေးနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်း ကြဲခင်းစနစ်လျော့နည်းပပျောက်ရေးနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရေး၊ အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ လိုအပ်သည့်သွင်းအားစုများဖြစ်သည့် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့အား စနစ်တကျသုံးစွဲခြင်းနှင့် စိုက်ပျိုးရိတ်သိမ်းရာတွင် နည်းစနစ်ကျ၍ အကျိုးဖြစ်ထွန်းစေသည့် စက်ပစ္စည်းများ သုံးစွဲစေရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်ခုချင်းအလိုက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကြွေးကျန်များနှင့် သမဝါယမကြွေးကျန်များ တွန်းအားပေးကောက်ခံနိုင်ရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများအား ရာသီအချိန်မီ သတ်မှတ်ကာလအတွင်း စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုများ ဖြန့်ဝေဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကြဲခင်းစနစ်လျော့နည်းပပျောက်ရေးအတွက် စိုက်နည်းစနစ်အလိုက် စိုက်ပျိုးရန် စီမံကိန်းတာဝန်များကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှူး ဦးကျော်သူလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်