ပွင့်ဖြူမြို့နယ်၌ ကျောင်းစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ထားရှိသော ကျောင်းစာကြည့်တိုက်သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်၌ စာပေလေ့လာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းစာကြည့်တိုက်အတွင်း လေဝင်လေထွက်ကောင်းမွန်မှုရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ စာဖတ်စားပွဲနှင့် ပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းသို့စစ်ဆေးစဉ် ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူက ကျောင်းစာကြည့်တိုက်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် စာဖတ်ချိန်စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ ကျောင်းစာကြည့်တိုက်လုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်လုပ်ငန်းကိစ္စများကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)