မင်းဘူး ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ဆည်ရေကို ရယူစိုက်ပျိုးရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်နှင့် ဆည်ရေအလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး လယ်ကြားမြောင်းများ တူးဖော်၍ ရေရယူစိုက်ပျိုးရန် တောင်သူအသိပညာပေးခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာရှိ အေးမေတ္တာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် မိမိတို့ ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဆည်မြောင်းနှင့် တာတမံများတည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ဆည်မြောင်းနှင့် တာတမံများကို ရေရှည်တည်တံ့ခိုင်မြဲစေရန် စဉ်ဆက်မပြတ်ထိန်းသိမ်းခြင်း၊ ကျေးရွာဆည်မြောင်းနှင့် ကျေးရွာရေနုတ်မြောင်းများ တည်ဆောက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခြင်း၊ ဆည်မြောင်းများကို ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရေးအတွက် အရေးပေါ်လုပ်ငန်းများကို ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပါအဝင် ဒေသတွင်း ရေလိုအပ်ချက်ကို အဆင်ပြေလွယ်ကူစွာရရှိနိုင်စေရန် ဆောင်ရွက်ခြင်း၊ ဆည်မြောင်းများ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေရရှိရေးကဏ္ဍများကို တင်ပြဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဒေသခံတောင်သူများအနေဖြင့် ဆည်ရေအလေလွင့်ဆုံးရှုံးမှုများပြားသည့် မိရိုးဖလာ(ကွက်ဆင့်သောက်) ရေသွင်းစနစ်ကို မကျင့်သုံးဘဲ လယ်ကြားမြောင်းများတူးဖော်၍ ဆည်ရေကို လိုအပ်အချိန်၊ လိုအပ်သောနေရာ၌ စနစ်တကျ ရယူသုံးစွဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ယခုလို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လယ်ကြားမြောင်းများမရှိပါက မိရိုးဖလာရှေးသမားရိုးကျ ကွက်ဆင့်သောက်စနစ်များကို အသုံးပြုခြင်းကြောင့် ရေပေးဝေမှုစနစ်မကျခြင်း၊ ရေအလေလွင့်ဆုံးရှုံးမှုများခြင်း၊ တောင်သူလယ်သမားအချင်းချင်း ပြဿနာများဖြစ်ပွားခြင်း စသည့် အခက်အခဲများကို ဖြစ်ပေါ်စေနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိမိတို့ လယ်မြေအတွင်း၌ လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းအားဖြင့် ဆည်ရေရယူသည့် တောင်သူအချင်းချင်း အငြင်းပွားမှုများလျော့နည်းကာ ဆည်ရေပေးဝေမှုအား အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေကို အကျိုးရှိရှိ ထိရောက်စွာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပြီး ဆောင်ရွက်မည်ဆိုပါက ဆည်ရေသောက်စနစ်ဧရိယာရှိ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေရယူသုံးစွဲချိန်တွင် များစွာအထောက်အကူပြု၍ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)