ရွှေကျင် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် ရွှေကျင်မြို့နယ် အားကစားအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖနှင့် အားကစားဝါသနာရှင်များမှ ဂုဏ်ပြုဆုငွေ(၁၀)သိန်းကျပ် ချီမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ (၂၀-၆-၂၀၂၄)မှ (၂၅-၆-၂၀၂၄)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းမှ ပြိုင်ပွဲဝင်အသင်း(၉)သင်းက အုပ်စုပတ်လည် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲတွင် ရွှေကျင်မြို့နယ်အသင်းနှင့် အုတ်တွင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ရွှေကျင်အသင်းမှ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလားနှင့်အတူ အကောင်းဆုံး အားကစားသမားဆုကို ထိုက်တန်စွာရရှိခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)