ဟင်္သာတ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁၂ နာရီက မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်း ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦး၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ဖိတ်ကြားထားသူများ၊ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်က အမျိုးသမီးရေးရာအဖွဲ့ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။၊ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ စတင်ဖွဲ့စည်းသည့်အချိန်မှ ယနေ့အထိ လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမန် တာဝန်ကျေအောင်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းနှင့် ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ အုတ်ပုံအခြေခံပညာ အထက်တန်းကျောင်းခွဲမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲ၌ Top-5 ရရှိသော မရီရီဝင်းအားလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်မှ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ စတင်ဖွဲ့စည်းသည့်အချိန်မှ ယနေ့အထိ လူမှုရေးလုပ်ငန်းများ စွမ်းစွမ်းတမန်တာဝန်ကျေအောင်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်တင်တင်လှိုင်အား လည်းကောင်းဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)