လှိုင်းဘွဲမြို့နယ်တွင် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ အသိပညာပေးဟောပြော

လှိုင်းဘွဲ ဇွန် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရင်းဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဘားအံ) ဒုရဲမှူး မျိုးကျော်ညွန့်က ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းရေး နည်းစနစ်များ၊ ဥပဒေ၊နည်းဥပဒေ၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ အရေးယူနိုင်သည့် ပုဒ်မများ၊ ယာဉ်သွားလာမှုဆိုင်ရာ စည်းကမ်းများ၊ လမ်းညွှန်သင်္ကေတများ၊ သတ်မှတ်မြန်နှုန်းထက် မမောင်းနှင်ကြရန် အသိပညာပေးဟောပြောခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ့်က ယာဉ်တိုက်မှုဖြစ်ပွားပါက အမျိုးအစားအလိုက် ဥပဒေအရ အ‌ရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ထောင်ဒဏ်ကျခံနိုင်သည့် ပြစ်မှုများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူး သိန်းထွန်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရွက်နေမှုနှင့် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းများကို ပိုမိုသိရှိပြီး အန္တရာယ်ကင်းရှင်းစေရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရင်းဝန်ထမ်းများအနေဖြင့် ထပ်ဆင့်အသိပညာပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)