ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းသီးနှံ ၂၄၇၆ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းသံနှံ ၂၄၇၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စိုက်ဧက ၆၂၈၃ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက မေလက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၂၄၇၆ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးရာသီမှာ ပဲတီစိမ်းသီးနှံစိုက်ပျိုးရေးကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီးတော့ တစ်မြို့နယ်လုံး စိုက်ဧက ၆၂၈၃ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူတွေက မေလကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၂၄၇၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ပဲတီစိမ်းသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေကို သီးနှံအထွက်နှုန်းတွေ ကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ အခြေခံစိုက်ပျိုးရေးနည်းပညာတွေကို စနစ်တကျ လိုက်နာကျင့်သုံးဆောင်ရွက်ကြဖို့ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားပါတယ်။ ဒီဒေသက စိုက်ပျိုးရေအဆင်ပြေတော့ ပဲတီစိမ်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ နောက်ပြီး ဈေးကွက်လည်း ရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီမှာ အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်အောင်လည်း ဒေသခံတောင်သူတွေကို ပံ့ပိုးကူညီဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲတီစိမ်းသီးနှံ အပါအဝင် ပဲကြီး၊ ပဲစင်းငုံနှင့် အခြား ပဲသီးနှံများကို အားထားစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် မိုးရာသီကလည်း ပဲတီစိမ်းသီးနှံကို ဧက ၄၀၀၀ ကျော် လျာထားစိုက်ပျိုးခဲ့ရာ ဧက ၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း စိုက်ဧက ၆၂၈၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ ၂၄၇၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး