ကော့ကရိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ကော့ကရိတ် ဇွန် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကရင်ပြည်နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လူထုအသိပညာပေးလှုပ်ဆော်ရေးမြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြို့အဝင်ကြာပန်းအဝိုင်းထိပ်၌ ပြုလုပ်ကျင်းပသည်။

ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့ ဆောင်ပုဒ်ပါမြေစိုက်ပိုစတာစိုက်ထူပွဲသို့ စစ်ဗျူဟာမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး အဆိုပါမြေစိုက်ပိုစတာအား စစ်ဗျူဟာမှူးနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြင့်သတ်မှတ်ပြီး အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ကြောင်း ၎င်းလုပ်ငန်းဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းဇယားပြုစုခြင်းလုပ်ငန်း စာရင်းစစ်ခြင်းလုပ်ငန်းများနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းများဟူ၍ ပင်မလုပ်ငန်းစဉ်(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရရှိလာသည့် အချက်အလက်များအား နိုင်ငံတော်၏ လူမှုရေးစီးပွားရေးစီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများရေးဆွဲခြင်း အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဓိကအ‌ခြေခံပြုရမည့် အချက်အလက်များဖြင့် ပြည်သူအားလုံးအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ တိုက်တွန်းနိုးဆော်ထားကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)