နန်းယွန်း ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇွန်လ(၂၅)ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နန်းယွန်းမြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် မြို့မရဲစခန်းမှူး၊ ဒု-ရဲမှူး ကြယ်တိုးက မှုးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အချက်အလက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက ကျောင်းသား လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနိုင်သည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်တို့ကိုလည်းကောင်း ရှင်းလင်းအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်၊ မြိုမရဲစခန်းမှူး၊ ဒု-ရဲမှူး ကြယ်တိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးအရာရှိ ဒေါ်စံပယ်ဦးနှင့် ဝန်ထမ်းများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/ သူများ(၁၅၀)ဦး တက်ရောက်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ ပြုလုပ်သည့်(၂၆)ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ဆုရရှိသူ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား/သူများအား သက်ဆိုင်ရာတာဝန်ရှိသူတို့က ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)