ခန္တီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခန္တီး ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လေးများဖြစ်လာစေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် လာမည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့တာဝန်ကျရာ ကော်မတီ/ဆပ်ကော်တီများအလိုက် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုပွဲတော်သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် တစ်မျိုးသားလုံးနှင့်သက်ဆိုင်ကြောင်း၊ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်မည်ဖြစ်သည့်အတွက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က အဆိုပါပွဲတော်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြပွဲ/ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကော်မတီများမှ အသီးသီးပြန်လည်ဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်