ထားဝယ် ဇွန် ၂၈
ကျွန်းစုမြို့နယ်အတွင်းဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် F.S Report အား New Myanmar Renewable Energy Co.,Ltd က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျွန်းစုမြို့နယ်အတွင်း ဆောင်ရွက်မည့် Hydro နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သော်လည်း လျှပ်စစ်မီးလုံလောက်မှုမရှိသေးကြောင်း၊ ယခင်က ကတန်ကျွန်းပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသေးသောကြောင့် မွေးမြူရေးနှင့်ရင်းနှီးမြှပ်နှံမှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကတန်ကျွန်းပေါ်တွင် ရေငန်ပုဇွန်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သဖြင့် လျှပ်စစ်လိုအပ်ချက်များပြားလာပါကြောင်း၊ ယခုဆောင်ရွက်မည့် Hydro နှင့် Solar မှ ထုတ်လုပ်မည့်လျှပ်စစ်လုပ်ငန်းအားကြိုဆိုပါကြောင်း၊ ယခင်က တိုင်းဒေသကြီးအနေဖြင့် ဂတ်စ်တာဘိုင်ရရှိရေးဆောင်ရွက်ရာတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရကြောင်း၊ ထားဝယ်ခရိုင်အတွင်းသာ လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီးဈေးနှုန်းသက်သာစွာရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးဈေးနှုန်းသက်သာစွာ လုပ်ကိုင်ဆောင်ရွက်နိုင်သူများကို ကြိုဆိုပါကြောင်း၊ ကုမ္ပဏီအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် New Myanmar Renewable Energy Co.,Ltd ၏ ကျွမ်းကျင်ပညာရှင်များက အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)