လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လိပ်သို ဇွန် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အ.မ.က ခမရ (၆၀၃)ကျောင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေသိုလှောင်သည့် အိုးခွက်များ၊ ရေပီပါများ၊ ရေလှောင်ကန်များ၊ ရေပုံးများတွင် အဘိတ် (Abate) ဆေးခတ်ခြင်း၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ထားသော အိုးစုတ်၊ ခွက်စုတ်များ၊ တာယာဟောင်းများ၊ ဘက်ထရီဟောင်းများ၊ ဝါးငုတ်၊ သစ်ခေါင်း၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ စသည့် ခြင်ကျား ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်