ဓနုဖြူ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် လက်တွေ့သရုပ်ပြမှုကို ယနေ့ နံနက် ၉ နာရီအချိန်က ဧရာဝတီ ဟင်္သာတဘက်ကမ်းတာ တာမိုင် (၄၆/၃) မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းက မိုးတွင်းကာလတွင် ကြုံတွေ့ရတတ်သော ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်သတိပြုရမည့်အချက်များ၊ ကာကွယ်ရန် နည်းလမ်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရေပေါက် (ထူးပေါက်) ပေါက်ခြင်းနှင့် သဲဗွက်ထခြင်းအတွက်ရေခွေခွေခြင်း၊ တာတမံရေကျော်ခြင်းအတွက် တာထိပ်ဆင့်ခြင်း၊ တာအိတာလျှောခြင်း၊ လှိုင်းပုတ်ခြင်း၊ ကမ်းပြိုခြင်း၊ ရေစိမ့်ခြင်းတို့အတွက် ကာကွယ်မှုနည်းစနစ်များကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြစ်ကမ်းအနီးအနားရှိ ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)