အင်္ဂပူ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထူအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အင်္ဂပူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီများ အလှူရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ စာဖတ်သူတိုးပွားရေးအတွက် စည်းရုံးဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်ဦးစီးအရာရှိက စာအုပ်စာစောင်များကို ကျေးရွာစာကြည့်တိုက်များအတွက်ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့သည်။
အင်္ဂပူမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဦးစီးအရာရှိဒေါ်သီသီရှိန်ဦးဆောင်သောဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)