မကွေး ဇွန် ၂၈
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၉) ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ (၁၁၅)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက “ကရုဏာအလင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုဆိုရင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)အား ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းစတင်ဖွင့်လှစ်သင်ကြားခဲ့ရာမှာ အပါတ်စဉ်(၂၉)သို့ရောက်ရှိနေပြီး (၁၉၉၇)ခုနှစ်မှ (၂၀၂၃)ခုနှစ်အထိ သူနာပြုသင်တန်းသား၊ သင်တန်းသူ (၁၅၆၇)ဦးနှင့် (၁၉၉၉)ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ သားဖွားသင်တန်းသူ (၁၀၁၉)ဦး မွေးထုတ်ပြီးပြီလို့ သိရကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာမှာ ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍကပါဝင်ကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူနာများအား အနီးကပ်ပြုစုစောင့်ရှောက်ရသူများဖြစ်သည့်အတွက် သူနာပြု-သားဖွားအတတ်ပညာများ ကျွမ်းကျင်သူများဖြစ်ရေး စာတွေ့၊ လက်တွေ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်လိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ သူနာပြု-သားဖွားသင်တန်း ကျောင်း(၅၃)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး သူနာပြု-သားဖွား အတတ်ပညာရပ်များ၊ ဆေးပညာရပ်များကို သင်ကြားပေး နိုင်ပြီဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီကို နိုင်ငံတော်မှ လစဉ်ပညာသင်ထောက်ပံ့ကြေး (၃၀၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးရာတွင် ယခု ၂၀၂၄ ဧပြီလမှစ၍ စားသောက်စရိတ်အနေဖြင့် (၆၀၀၀ဝိ/-)အထိ တိုးမြှင့်ထောက်ပံ့ပေးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းခွင်မှတစ်ဆက်လည်း ရှေ့ဆက်ကြိုးစားလိုစိတ်ရှိသူများကို သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့ကို ပြည်ပမှာသာမက ပြည်တွင်းမှာပါ တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ်မှာပင် မိမိတို့ စိတ်ဝင်စားသည့် သူနာပြုစုခြင်း၊ သားဖွားခြင်းနှင့် ဆေးပညာဆိုင်ရာဘာသာရပ်များကို ထူးချွန်ပေါက်မြောက်ကျွမ်းကျင်အောင် ကြိုးစားသင်ယူရန်လိုအပ်ကြောင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနိုင်သည့် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ရှားပါးလာခြင်းကို ကျော်လွှားနိုင်ရေး အရည်အသွေးပြည့်မီ ပြည့်စုံကောင်းမွန်သော ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက်သာမက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ရန် အရေးကြီးသည့်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မိမိဒေသအတွင်းတည်ရှိနေသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ပေးနေသည့် သူနာပြုနှင့် သားဖွားသင်တန်းသား၊ သင်တန်းသူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့မှာရှိသည့် သူနာပြု-သားဖွားကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းပြီး စည်းကမ်းအတိုင်း ပြုမူနေထိုင်ကြရန်လိုအပ်ကြောင်း၊ ပထမနှစ်ကတည်းက အများတကာထက် သာလွန်ကောင်းမွန်သည့် စိတ်ဓာတ်ကောင်းများ ပိုင်ဆိုင်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် သူနာပြုဆရာ၊ ဆရာမကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့လာကြိုးစားစေလိုပါကြောင်း၊ ပြည်သူလူထုက အားထားရသည့် အရည်အသွေး ပြည့်ဝသည့် သူနာပြု-သားဖွားကောင်းများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အထောက်အပံဖြစ်စေခြင်းနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ အပတ်စဉ်(၂၉) ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ ပညာရည်ထူးချွန်ဆုရရှိခဲ့သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပညာရည်ထူးချွန်ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကာ အပတ်စဉ်(၂၉) ပထမနှစ် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၁၁၅)ဦးအား တာဝန်ရှိသူတို့က ဂျူတီကုတ်နှင့် ဦးဆောင်းများ အသီးသီးအပ်နှင်းခဲ့ကြသည်။
ဆက်လက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး) သင်တန်းသား၊ သင်တန်းသူ များက “ထာဝရမြန်မာ” ၊ “လှမ်းခဲ့ပါဒီမောရှမ်းမြေ”၊ “မင်္ဂလာပါ" တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ အပတ်စဉ် (၂၉)ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား၊ သင်တန်းသူတို့က သူနာပြုကျင့်ဝတ် ရွက်ဆိုအဓိဋ္ဌာန်ခြင်းဆောင်ရွက်ခဲ့ကြောင်းနှင့် သူနာပြုသင်တန်းကျောင်း (မကွေး)သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့သည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ