ဘုတ်ပြင်း ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြ စေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရေးအတွက် စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)