လွိုင်ကော် ဇွန် ၂၈
ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း အထိုက်အလျောက်တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သည့်အတွက် လွိုင်ကော်မြို့နယ်တွင် နေရပ်ပြန်ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ ပြန်လည်ဝင်ရောက်နေထိုင်၍ တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း နေထိုင်သူ ပြည်သူလူထု၏ အကျိုးစီးပွားရှေ့ရှု၍ ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်များဖြစ်သော လုံခြုံရေး ၊ ရေ / မီးရရှိရေး ၊ သန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်စေရေး ၊ ပညာရေး ၊ ကျန်းမာရေးနှင့် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများ ရာနှုန်းပြည့်ဖွင့်လှစ်တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြန်လည်ဝင်ရောက်လာသူများ စိစစ်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ၊ လူမှုရေးရာဝန်ကြီးက ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူးကအုပ်ချုပ်၊ ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် ဒေသကွပ်ကဲရေးမှူးက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)