တောင်ငူမြို့နယ်၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးနှမ်းစံပြကွက် စိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေး

တောင်ငူ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ တောင်သူဦးသန်းမြင့်၏ လယ်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် မိုးနှမ်းစံပြကွက် စိုက်ခင်းအထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တောင်ငူမြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များသည် တောင်သူ ဦးသန်းမြင့်၏ လယ်ဧက(၅)ဧကတွင် ဆင်းရတနာ(၄) နှမ်းမျိုးအား ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး ဆီထွက်သီးနှံ အထူးဇုံ(၃) တောင်ငူခရိုင် တာဝန်ခံ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်က ဘောင်ကြီးတင် စနစ်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်တောင်ငူမြို့နယ်အတွင်းရှိ မိုးနှမ်းစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရေးအတွက် တောင်သူလယ်သမားများအား စိုက်နည်းစနစ်များမျှဝေပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုံ(၃) တောင်ငူခရိုင်တွင် နှမ်းဧကစုစုပေါင်း (၅၃၈၈)ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်မိုးနှမ်းအနေဖြင့်(၂၇၉၈)ဧက စိုက်ပျိုးဆောင်ရွက်ထားလျက်ရှိကာ ယနှစ်မိုးနှမ်းတွင် ဘောင်ကြီးတင်စနစ်ဖြင့် (၂၂)ဧက စိုက်ပျိုးဆောင်ရွက်ထားလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)