မုံရွာ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး “GENDER, CEDAW, NSPAW, UNSCR- 1325 အသိပညာပေးသင်တန်း” ကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်း က အဆိုပါ ရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးက အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ရခြင်းအပေါ်အခြေခံ၍ ဖြစ်ပေါ်လာသည့်အပြုအမူ၊ အနေအထိုင်၊ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များ၊ နည်းစနစ်များ၊ ဖြစ်တတ်သည့်အလေ့အထများကိုသိရှိစေပြီး ကျား/မ အခြေပြုအကြမ်းဖက်မှုမှကင်းဝေးသော ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်တို့တွင် ဖြစ်ပေါ်လာပါကလည်း တားဆီးကာကွယ်နိုင်ရန်၊ ပြည်သူတစ်ယောက်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများအပြင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မိသားစုဘဝဆိုင်ရာ ရပိုင်ခွင့်များကိုပါ အမျိုးသမီးများအတွက် ရပ်တည်ကာကွယ်ပေးထားပြီး အမျိုးသမီးများ၏ ရပိုင်ခွင့်များကို မြှင့်တင်ကာကွယ်ပေးရာတွင် ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များပါဝင်လာအောင် အဖွဲ့ဝင်နိုင်ငံများမှ ဆောင်ရွက်ရမည့် အချက်အလက်များပါဝင်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW)ပါ အချက်အလက်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်တို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းကိုပို့ချပေးလျက်ရှိရာ ညွှန်ကြားရေးမှူးက ကျား၊ မ အခြေခံသဘောတရားများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW)ပါ အချက်အလက်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၃၂၅ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်များကို ပရိုဂျက်တာဖြင့် အသေးစိတ်ပြသရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော သင်တန်းသူများ၏သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်/ကလေး စောင့်ရှောက်ရေးအဖွဲ့များ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)