ကော့ကရိတ် ဇွန် ၂၈
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှစတင်ပြီး အကြမ်းဖက်သောင်းကြမ်းသူများမှ ကော့ကရိတ်မြို့တွင်းနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားကာ အာရှလမ်းမကြီးအား ယာယီပိတ်ထားခဲ့ရပြီး မော်တော်ယာဉ်များနှင့်ကုန်စည်များ ကူးသန်းသွားလာရောင်းဝယ်မှုများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် မော်တော်ယာဉ်များနှင့် ကုန်စည်များကူးသန်းသွားလာရောင်းဝယ်မှုများ အဆင်ပြေစွာပြန်လည်သွားလာနိုင်စေရေးအတွက် တာဝန်ရှိသူများက စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်း ၄ နာရီအချိန်မှစတင်၍ မြဝတီဘက်မှ အာရှလမ်းဟောင်းအတိုင်း မြဝတီ-ဝေ့ရှမ်း- အောက်ဘိုတဲ- ရန်ကုတ်မှတစ်ဆင့် ဘားအံမြို့သို့ထွက်ခွာမည့် အိမ်းစီးကားအသေးများ ခရီးသည်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များအား ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၃)ဂိတ်(ခင်နိမ်းမူ)မှတစ်ဆင့် မြို့တွင်းဝင်ရောက်ပြီး တံတားကျိုးဂိတ်သို့ စတင်ဖြတ်သန်းသွားလာလျက်ရှိပြီး ယနေ့တွင် နံနက် ၇ နာရီခွဲအချိန်မှစတင်၍ အေးချမ်းစွာပုံမှန်သွား လာနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ကားလမ်းများ အေးချမ်းစွာပုံမှန်သွားလာမှုအခြေအနေများအား စစ်ဗျူဟာမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ရေကျော်ကြီးကျေးရွာအုပ်စုရှိ တံတားကျိုးစစ်ဆေးရေးစခန်းပြန်လည်ဖွင့်လှစ်မှုအခြေအနေများ သက်ဆိုင်ရာဦးစီးဌာနများမှ ဝန်ထမ်းများ၏တာဝန်ထမ်းဆောင်မှုအခြေအနေများနှင့် မော်တော်ယာဉ်များ စစ်ဆေးခံယူမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်