ပန်းတနော် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပေါ်ပေါက်လာပုံ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ မခွဲခြားဘဲ အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ ကလေးများနှင့် မိခင်များ ဆက်သွယ်ပြုစုစောင့်ရှောက်ခြင်းနည်းလမ်းများ စသည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆက်လက်ကျင်းပရာ အ.ထ.က (၁)ကျောင်းနှင့် အ.ထ.က (၂)ကျောင်းတို့မှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက '"တိုင်းပြည်အင်အား အမျိုးသမီးစွမ်းပကား" ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/မများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)