ထားဝယ် ဇွန် ၂၈
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့သည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/သူ(၃၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများတွင်လည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကာ ပြိုင်ပွဲတွင်ဆုရရှိသူများကို ဇွန် ၂၈ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)