မင်းဘူး ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ တက်ရောက်ပညာသင်ကြား နေသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၇ ရက် နေ့လည် ၁ နာရီအချိန်က မင်းဘူးမြို့ အခြေခံပညာမူလတန်းကျောင်း (စက္ကိန္တဲ) ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဦးဆောင်ပြီး ဒုရဲအုပ်ဝေလင်းနိုင်ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာရာတွင်ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များ၊ မော်တော်ယာဉ် မောင်းနှင်သူနှင့် ယာဉ်နောက် လိုက်ပါစီးနင်းသူများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို အသိပညာပေးဟောပြောခဲ့ပြီးနောက် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၇၇ ဦးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မင်းဘူးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှူးရုံးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲများကို အလှည့်ကျသွားရောက်၍ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။
မောင်မောင် (မင်းဘူး)