ဘားအံ ဇွန် ၂၈
ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းမွန်သောမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများနှင့်အောင်ချက်ကောင်းသော ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏ဂုဏ်ဆောင်ဖြစ်ကြသော ကျောင်းသားလူငယ်မောင်မယ်များက အခြေခံပညာကျောင်းများမှအောင်မြင်မှုရရှိခဲ့ကြပြီး အဆင့်မြင့်ပညာ တက္ကသိုလ်အသီးသီးကိုဆက်လက်တက်ရောက်ကာ ပြည်နယ်၏အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်သကဲ့သို့ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်၊ ပြည်နယ်၏တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်နိုင်မည့် ထူးချွန်သောလူသားအရင်းအမြစ်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အောင်ချက်မြင့်မားရေးအတွက် ကူညီသင်ကြားပေးသော ဘားအံနှင့်မော်လမြိုင်တက္ကသိုလ်များအတွက် ဂုဏ်ပြုဆု(၂)ဆု၊ (၆)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ ဘာသာတွဲအလိုက်အမှတ်အများဆုံးရထူးချွန်သူ(၃)ဦး၊ အောင်ချက်အကောင်းဆုံးမြို့နယ်(၃)မြို့နယ်၊ အောင်ချက်အကောင်းဆုံးကျောင်း(၅)ကျောင်း၊ အောင်ချက်အကောင်းဆုံးကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ရာနှုန်းပြည့်အောင်မြင် သောအခြေခံပညာကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း စုစုပေါင်းဂုဏ်ပြုဆု(၅၄)ဆုကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စားကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားသို့တက်ရောက်လာသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ထူးချွန်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ကိုယ်ရေးမှတ်တမ်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လူ့စွမ်းအားအရင်းအမြစ်များ၏ အခြေခံအကျဆုံးဖြစ်သော ရှေးဦးအရွယ်ကလေးသူငယ်များ၏ဘဝများကို မှန်ကန်သည့်နည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားပုံဖော်ပေးကြမည့် မူကြိုဆရာမများအတွက် အသက်(၃)နှစ်မှ (၅)နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းဆင်းပွဲကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူထောက်ပံ့ငွေ၊ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထူးချွန်ဆုများ အားပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)