ပွင့်ဖြူ နိုဝင်ဘာ ၁၅
ကိုဗစ် - ၁၉ ကာလဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် (ကြက်ဉ)မရွေး မုန့်လုပ်ငန်း လုပ်ကိုင်ကြသူများ ရောင်းချနေရ၍ ပုံမှန် လည်ပတ် လုပ်ကိုင်နေကြကြောင်း အဆိုပါ ကျေးရွာမှ (ကြက်ဥ)မရွေးမုန့်လုပ်ငန်း လုပ်ကိုင် သူ ဒေါ်ခင်စန်းဝင်းထံက သိရသည်။
မြန်မာ့ရိုးရာ အစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်သော (ကြက်ဉ)မရွေးမုန့်လုပ်ငန်းကို လယ်ကိုင်းကျေးရွာ တွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူ (၄ ၊ ၅)ဦးခန့်ရှိပြီး (ကြက်ဉ)မရွေးမုန့် ပြုလုပ်ရာတွင် ဆွေမျိုးသားချင်းများဖြင့် ဝိုင်းဖွဲ့၍ လုပ်ကိုင်ကြကြောင်း သိရသည်။ လယ်ကိုင်းကျေးရွာမှ ထွက်ရှိသော (ကြက်ဉ)မရွေးမုန့်သည် စားသုံးသူပြည်သူများ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စီမံပြုလုပ်ထား သည့်အတွက် ပြည်သူများက စားသုံးရန်အတွက်သော်လည်းကောင်း၊ အပေါင်းအသင်း မိတ်ဆွေများအတွက် အမှတ်တရ လက်ဆောင်အဖြစ်သော်လည်းကောင်း ဝယ်ယူကြသဖြင့် ရောင်းအားကောင်းသည့် မုန့်ဖြစ်ကြောင်း ၊ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် မုန့်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်း မြင့်တက်ခြင်းနှင့် လိုသလောက်ဝယ်ယူ၍ မရခြင်းတို့ကြောင့် လုပ်ငန်းအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော် စားသုံးသူပြည်သူများ ဝယ်ယူစားသုံးရန် အခက်အခဲ မဖြစ်စေရေးအတွက် (ကြက်ဉ)မရွေးမုန့်လုပ်ငန်း အား ပုံမှန်လည်ပတ်လုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာမှ (ကြက်ဉ) မရွေးမုန့်လုပ်ငန်း လုပ်ကိုင်ကြသူများထံက သိရသည်။
မြန်မာ့ရိုးရာအစားအစာ (ကြက်ဉ)မရွေးမုန့် ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ ကြက်ဉ၊ ဂျုံ၊ ကပ်စီး၊ ထန်းလျက်နှင့် ဆီသန့်တို့ကို အသုံးပြု၍ ပြုလုပ်ခြင်းဖြစ်ပြီး စားသုံးသူပြည်သူများအတွက် ဘေးထွက်ဆိုးကျိုး မရှိသည့်အတွက် ပြည်သူများက လယ်ကိုင်းကျေးရွာမှ ပြုလုပ်ရောင်းချသော (ကြက်ဉ)မရွေးမုန့်ကို အကြိုက် တွေ့ ဝယ်ယူစားသုံးကြသဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက ရောင်းအားကောင်းမွန်ခဲ့ကြောင်း တစ်နေ့လျှင် ငွေကျပ် (၅)သိန်း၊ (၆)သိန်းဖိုးလောက် ပြုလုပ်ရောင်းချရကြောင်း၊ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရာတွင် စားသုံး သူပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မုန့်ထုပ်တစ်ထုပ်ချင်းစီကို အနည်းဆုံး ငွေကျပ် (၅၀)မှ အများဆုံး ငွေကျပ် (၁၅၀)အထိခွဲခြားထုပ်ပိုးရောင်းချကြောင်းနှင့် မကွေး ၊ မင်းဘူး ၊ ပွင့်ဖြူမြို့နယ်များနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချ နေရကြောင်း ပွင့်ဖြူမြို့နယ်လယ်ကိုင်းကျေးရွာမှ “ထွန်း” အမှတ်တံဆိပ် (ကြက်ဉ)မရွေး မုန့်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်စန်းဝင်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)