အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး

ကသာ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ဇွန်လ(၂၆)ရက်နေ့ နံနက် ၈ နာရီအချိန်က ကသာခရိုင် လုံခြုံရေးတပ်ခွဲဝင်းအတွင်းရှိ အားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကသာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို ကြည့်ရှုလေ့လာကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။

ထို့နောက် ဖမ်းဆီးရမိသော ဘိန်းဖြူ ၀.၆၄၉၉၅ ကီလို၊ ဆေးခြောက် ၃.၀၇၄၃၁ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၂၃၂၄၆၄ ပြားတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ကသာခရိုင် အမှတ်(၆) မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ်စောကျော်ဇင်ထွန်းက အခမ်းအနားသို့ တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ရဲလင်းထွန်း(ပြန်/ဆက်)