မယ်စဲ့မြို့နယ်တွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဌာနဆိုင်ရာများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေး

မယ်စဲ့    နိုဝင်ဘာ    ၁၅

နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်​နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် လမ်းဆုံကျေးရွာ၊ လယ်တောကျေးရွာနှင့် ဟိုဂျစ်ကျေး ရွာတို့၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ ကျေးရွာပြည်သူများက ဒေသ၏ လိုအပ်ချက်များကို ရဲရဲဝင့်ဝင့် တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ရင်ဆိုင်ကျော်လွှားရာ၌ တစ်ဦးတစ်ယောက်တည်း အားကိုးမရဘဲ အားလုံးပူးပေါင်း ဆောင်ရွက်ရာတွင် ပြည်သူလူထုသည် အဓိကကျသည့် နေရာတွင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ရွာနယ်နမိတ် သတ်မှတ်ရေး၊ ဘာသာရေး အဆောက်အဦနှင့် ကျေးရွာ မြေငှားဂရန် ရရှိရေး၊ ရေဝေရေလဲများ မထိခိုက်စေရေးအတွက် ချောင်း၊ မြောင်းတို့တွင် ဘက်ထရီလျှော့ တိုက်မှုများအား တားမြစ်ပေးရေးနှင့် မြေလွတ်မြေရိုင်းတို့အား ကုန်းမြင့် လယ်ယာမြေ ဖော်ထုတ်ရေးတို့ကို တင်ပြ ဆွေးနွေးရာ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ သည်။

 

ဝတ်ရည်(ပြန်/ဆက်)