ငဖဲ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကျော်ဝင်းက အခြေခံပညာအလယ်တန်းဆင့် (Grade-9) အဆင့် ပြီးမြောက် အောင်မြင်သော ကျောင်းသားကျောင်းသူများအနေဖြင့် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာများကို ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက အခြေခံပညာအလယ် တန်းဆင့် (Grade-9) အောင်မြင်ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်ပါက အထက်တန်းပညာနှင့်တွဲဖက်၍ စိုက်ပျိုးရေးပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပြီး သင်တန်းပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် စိုက်ပျိုးရေးတက္ကသိုလ် အခွင့်အလမ်းများနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာ ချစ်ချယ်ရီစိုးက အဆိုပါအထက်တန်းကျောင်းတွင် အထက်တန်းပညာနှင့်တွဲဖက်၍ မွေးမြူရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးပါကဆက်လက်၍ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံနှင့် ငါးလုပ်ငန်းသိပ္ပံ သင်တန်းကျောင်းများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများကို အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသားမိဘများက အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
Grade-9 အောင်မြင်ပြီးသူများ တက်ရောက်လျှောက်ထားနိုင်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း အ.ထ.က (စကု)၊ အ.ထ.က (ပြလို့)၊ အ.ထ.က (ဂွေးချို) နှင့် အ.ထ.က (၁) သရက်တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)