အိမ်မဲ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ရွေညီလာခန်းမတွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်မင်းနောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့မရဲစခန်းမှူး ဒုရဲမှူးလေးနိုင်က “မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး” ခေါင်းစဥ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဥ်များဖြင့် အသီးသီးအကျယ်တဝင့် ဟောပြောခဲ့ကြသည်။ ဆက်လက်ပြီး တိုင်း၊ ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိသော အ.ထ.က (၁) ကျောင်းမှ ကျောင်းသား/သူ (၅) ဦးအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ အခမ်းအနားတက်ရောက်လာသူများ၊ ဆရာ/မ များနှင့် ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ် (ပြန်/ဆက်)