မြိတ်မြို့တွင် ရေထွက်ကုန်ပစ္စည်း တရားမဝင်တင်ပို့မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြိတ် ဇွန် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများ တရားမဝင်တင်ပို့မှုမရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရေလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

မြိတ်ခရိုင်အတွင်းမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာသို့ တင်ပို့ဆောင်ရွက်သည့်အခါ ဖမ်းဆီးရရှိမိသည့်ငါးများကို တရားမဝင်တင်ပို့မှုမရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုမဖြစ်ပေါ်စေရေး၊ တင်ပို့ဆောင်ရွက်သည့် ကုန်များတွင် ကုန်ပစ္စည်းအမှန် ကုန်ချိန်အမှန် အမျိုးအစားအမှန်တင်ပို့မှုရှိစေရေး ရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်သည်။

ညှိနှိုင်းဆွေးနွေးရာတွင် မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ဖမ်းဆီးရရှိသည့် ငါးများကို နိုင်ငံခြားသို့ တရားမဝင်တင်ပို့မှုမရှိစေရေး၊ လိုင်စင်မဲ့ငါးဖမ်းလှေများမှရရှိသည့် ငါးများကို ဝယ်ယူပြီး နိုင်ငံခြားသို့ တင်ပို့မှုမရှိစေရေးနှင့် တရားဝင်ကုန်သွယ်လုပ်ငန်းများဖြင့်သာ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ကုန်ပစ္စည်းတင်ပို့ရာတွင် ကုန်ပစ္စည်းများ၊ ကုန်ချိန်နှင့် ငါးအမျိုးအစားကအစ ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ အခက်အခဲများကို ဆွေးနွေးကြရန် ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ရေလုပ်ငန်းရှင်များနှင့် ကုန်သွယ်လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ မြိတ်ခရိုင်အတွင်း ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ဆောင်ရွက်မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စမှမေလအထိ ကုန်ချိန် (၁၀၀၂၈.၁၀)တန် အမေရိကန်ဒေါ်လာ (၁၀.၄၇)သန်း တင်ပို့နိုင်ခဲ့ပြီး အဆိုပါရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အများဆုံးတင်ပို့ကြကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)