မြဝတီ ဇွန် ၂၆
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂၇၅) ခြေလျင်တပ်ရင်းဝင်းအတွင်း စက်ပစ်ကွင်းတွင် မြဝတီမြို့၌ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှပေးပို့သည့်သဝဏ်လွှာကို မြဝတီခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဖတ်ကြားပေးသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်ကြသည့် အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးညီညီဦး၊ ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးထွန်းအောင်၊ အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးဇော်ဟံဦး၊ မြဝတီခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးကျော်ဟိန်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မြဝတီမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်၊ အတွင်းရေးမှူး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်၊ တွဲဖက်အတွင်းရေးမှူး အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ တပ်ဖွဲ့စုမှူးရဲမှူးရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြဝတီမြို့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများဖြစ်သည့် စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ ကတ်တမင်း၊ အက်တစီ၊ အိုက်စ်၊ ဘိန်းစာရွက်၊ ဘိန်းဖြူ၊ မက်သတုံးနှင့် ဘိန်းဆီခဲတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ မူးယစ်ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးငွေကျပ်၂၀၁,၉၆၂,၂၅၅.၅ ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)